Gamer တွေအတွက်

အခုခေတ်မှာဆို game ဆော့တာတွေက ပိုမို ခေတ်စားလာနေပါပြီ။ အနောက်နိုင်ငံတွေမှာ game ဆော့တာဟာ မထူးဆန်းတော့ပေမယ့် မြန်မာနိုင်ငံမှာတော့ တချို့ ရှေးလူကြီးတို့အမြင်မှာ ထူးဆန်းလျှက် ရှိနေတုန်းပါပဲ။ ဒါပေမယ့် game ဆော့တာဟာ ပျော်ရွှင်မှုသက်သက် ရဖို့ချည်း မဟုတ်ပဲ စဉ်းစားတွေးခေါ်ပုံ ဗဟုတရရှိမှု တွေပါ အများကြီး အကျိုးရှိစေတယ်ဆိုတာကို လူတော်တော်များများ သိလာပါပြီ။ ဒါပေမယ့် game ဆော့တာဟာ တနေရာတည်းမှာ အကြာကြီးထိုင်ပြီး တခုတည်းကို အာရုံစူးစိုက် ကြည့်ရတယ်ဆိုတာ သာမာန်လူတွေ ကအစ သိကြပါတယ်။ အဲဒါဟာ ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လဲသိကြပါတယ်။ ဒါကြောင့် တချို့လူတွေက game ဆော့တာကို မကောင်းမြင်နေကြပါတယ်။ gamer တွေအတွက် ကျန်းမာရေး ဂရုစိုက်ရမယ့် နည်းလမ်းတွေ ပြောပြပါမယ်။


Gamer တွေအတွက် အဓိက အထိခိုက်ဆုံးကတော့ မျက်စိပါပဲ။ game ထဲ စိတ်ဝင်စားလာတဲ့ အခါ မျက်စိ ကို ပို အလုပ်လုပ်ခိုင်းမိတယ်။ သာမာန်အချိန်တွေမှာဆို မျက်တောင်က ၁မိနစ်ကို ပျမ်းမျှ အကြိမ် ၅၀ လောက်ခတ်ပါတယ်။ မျက်တောင်ခတ်တာဟာ မျက်စိ အလုပ်လုပ်လို့ ညောင်းညာနေတာ ခဏလောက် အနားပေးလိုက်တာပါ။ game ဆော့တဲ့ အချိန်မှာတော့ မျက်တောင်ခတ်တာ ၅ ဆလောက် နည်းသွားပါတယ်။ ဒါနဲ့ပဲ မျက်စိ ညောင်းညာလွန်းတဲ့အခါ မျက်စိ ကိုက်တာတို့ ခေါင်းထိုးတာတို့ မျက်ရည်ပူကျတာတို့ ဇက်ကြောတက်တာတို့ ဖြစ်လာပါတယ်။

 ဒါကြောင့်
  • မျက်စိကို အကြာကြီး စူးစိုက်ကြည့်မခိုင်းပါနှင့်။
  • ၁နာရီခြား တခါ ဒါမှမဟုတ် သတိရတဲ့အချိန် ဆော့တာ ခဏလောက်ရပ်ပြီး ၁မိနစ် ဖြစ်ဖြစ် (ငါးမိနစ် လောက်ဆို ပိုကောင်းပါတယ်) အဝေးကို ငေးကြည့်ပေးပါ။
  • မနက်စောစော ထလာရင် အစိမ်းရောင် သစ်ပင်အုပ်ကြီးတွေကို ဘာမှ မတွေးပဲ မျက်စိကို အားမစိုက်စေပဲ ငါးမိနစ်လောက် ငေးကြည့်ပေးပါ။
  • မျက်စိကို အားရှိစေတဲ့ အနီရောင် ရှိတဲ့ အစားစာ ဥပမာ မုန်လာဥနီတို့ ဖရဲသီးတို့ လိုမျိုးကို များများစားပေးပါ။ vitamin အစုံပါတဲ့ အားဆေး အထူးသဖြင့် vitamin A များများပါတဲ့ ဆေးမျိုး စားပေးပါ။
  • မျက်စိ ညောင်းညာလွန်းရင် ပြင်ညီပေါ်မှာ ပလက်အိပ်ပြီး မျက်စိ မှိတ်ထားလိုက်ပါ။
  • မျက်စိရှိရာ မျက်လုံးဘေးတဝိုက်ကို လက်ညှိုးလက်မသုံးပြီး ဖွဖွ နှိပ်နယ်ပေးပါ။
  • မျက်လုံးကို သခွားသီးချပ် အုံပေးပါ။ မျက်စိကို အေးမြစေပြီး ညောင်းညာတာ ပြေပျောက်စေပါတယ်။
  • ညအမှောင်ကြီးမှာ မဆော့ပါနှင့်။ အလင်း မျှမျှတတ ရှိတဲ့ နေရာမှာပဲ ဆော့ပါ။
  • နောက်တချက် game ဆော့များတာဟာ အထိုင်ကြာပြီး လှုပ်ရှားမှု နည်းစေတဲ့အတွက်ကြောင့် အဝလွန်တတ်ပါတယ်။ ကျန်းမာရေး ထိခိုက်စေတတ်ပါတယ်။ တချို့က ဆော့ရင် ခြေကို တင်ပလင်ခွေပြီး ထိုင်ဆော့တတ်လို့ အကြောပြတ်တာတို့ ခြေသလုံးအားမရှိတာတို့ ခြေချင်းဝတ် နာကျင်တာတို့ ဖြစ်တတ်ပါတယ်။ အထိုင်များလွန်းရင် တင်ပါးမှာ အနာပေါက်တတ်ပါတယ်။ ဒါကြောင့် သတိရတဲ့အချိန် ခဏလောက် ထရပ်ပေးပါ။
  • ထိုင်နေစဉ်မှာလဲ အကြာကြီး တင်ပလင်ခွေ မထိုင်ပါနှင့်။ တနာရီခြား တခါလောက် ထိုင်တဲ့ပုံစံ ပြောင်းပေးပါ။
  • ထိုင်နေလျက် ခြေထောက်ကို ၁ မိနစ်လောက် ဖြောင့်တန်းလိုက် ပြန်ချလိုက် လှုပ်ရှားပေးပါ။
  • ညနေ ရေမချိုးခင် ၅ မိနစ်လောက် ထိုင်ထ အခေါက် ၂၀ (၅ခေါက် တခါစီ ၁၀ခေါက် တခါစီ လည်း ရပါတယ်) ဖားခုန်၊ အမြင့် ခုန် စတဲ့ လေ့ကျင့်ခန်း မျိုး လုပ်ပေးပါ။


နောက်ပြီး ကျောင်းစာကိုလဲ ပစ်ထားလို့ မရပါဘူး။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို အတန်းပညာမအောင်၊ ဝေလေလေ၊ game ချည်းပဲ နင်းကန်ဆော့ပြီး ကျန်းမာရေးဂရုမစိုက်ပဲ ရှုနာရှိုက်ကုန်းပုံ ဖြစ်တာမျိုး လိုချင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်သားသမီး ပျော်ရွှင်အောင် ဝယ်ပေးထားတာကို ဒီလိုမျိုး ဖြစ်လာရင်တော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဟာကိုယ် ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ game ဆော့ချိန်ဆော့ စာဖတ်ချိန် စာဖတ် နဲ့ မိဘလိုချင်တဲ့ နေရာ အဆင့်အတန်း ရည်မှန်းချက်ကို ပြည့်ဝအောင် လုပ်ပေးလိုက်ရင် မိဘလဲပဲ ပီတိဖြစ်၊ သူတို့ ပိုက်ဆံကုန်ရကျိုးနပ်မယ် မဟုတ်လား။

Game ဆော့တာဟာ ပျော်ရွှင်မှု သက်သက် ရဖို့ချည်း မဟုတ်ပဲ game ကနေ အကျိုးရှိတဲ့ အချက်အလက်တွေ ဘဝမှာ အသုံးဝင်နိုင်တာတွေ တွေ ယူထုတ် တတ်ဖို့ လိုအပ်ပါတယ်။ ဥပမာ game ထဲမှာ ကိုယ်ဇာတ်ကောင်က အန္တရာယ်နဲ့ ကြုံလာရင် ဘယ်လို လုပ်တယ်။ ဘယ်လို စိတ်ထားမျိုးနဲ့ ကျော်ဖြတ်ခဲ့တယ်။ အခက်အခဲတွေ့လာရင် ဘယ်လို ဖြေရှင်းတယ်။ ဒီနည်းလမ်းမရရင် ဘယ်လိုမျိုးနဲ့ ကျော်ဖြတ်ခဲ့တယ်။ လက်တွေ့ ကိုယ့်ဘဝနဲ့ ယှဉ်ထိုး စဉ်းစားပြီး မကောင်းတာတွေပယ် ကောင်းတာတွေ ယူတတ်ရင် ဘဝအတွက် အကျိုးရှိမယ့် သင်ခန်းစာတွေ ရနိုင်ပါတယ်။

Game လည်းဆော့ရင်း ဘဝမှာအောင်မြင်ပြီး မိဘကို သိတတ်တဲ့ မိဘလိုအင် ဖြည့်ဆည်းပေးနိုင်တဲ့ သားသမီးကောင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

KSA

Post a Comment

0 Comments