အချိန်လေးနည်းနည်းပေးပါ

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ
ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ
ထွက်စားပြီး ရုပ်ရှင်အတူတူ
ကြည့်စေချင်ကြောင်း ပြောလာပါတယ်။
ကျွန်တော့်မိန်းမက ပြောပါတယ်။
သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့်
အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို
သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ
ရှိနေချင်တာ သူသိတယ်တဲ့။

ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီး
ဆိုတာမုဆိုးမအဖြစ်ဘဝကို
ဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့
ကျွန်တော့်အမေပါ။

ကျွန်တော့်ရဲ့ အလုပ်တွေနဲ့
သားသမီး(၃)ယောက်အတွက်
တာဝန်တွေကြောင့်အမေ့ဆီကို
အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့
သိပ်မရောက်ဖြစ်ပါဘူး။
အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး
ကျွန်တော်နဲ့အတူညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။

"သား... နေရောကောင်းရဲ့လား။
ဘာများဖြစ်နေလဲ?"

အမေဟာ ညည့်နက်မှဖုန်းလာရင်၊
ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်
သတင်းဆိုးတွေများ ရှိလို့လားလို့
သံသယဝင်တတ်တဲ့သူပါ။

"မဟုတ်ပါဘူး အမေရယ်။
အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး
စကားလေးဘာလေး ပြောချင်လို့ပါ။
ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"

အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ
"အရမ်းကောင်းတာပေါ့ သားရယ်"
လို့ ပြန်ပြောပါတယ်။

အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့
အမေ့ကိုကားနဲ့ သွားကြိုပါတယ်။

ကျွန်တော့်စိတ်ထဲမှာ နည်းနည်း
လှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို
ရောက်တဲ့အခါမှာ အမေလည်း
ကျွန်တော့်လိုပဲစိတ်လှုပ်ရှားပျော်ရွှင်နေတာ
တွေ့ရပါတယ်။

အမေက ကုတ်အကျီလေးဝတ်ပြီး
တံခါးဝမှာ စောင့်နေပါတယ်။
ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ
လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ်
မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ဝတ်ခဲ့တဲ့
အကျီလေးကိုပဲ ဝတ်ထားပါတယ်။
အမေ့မျက်နှာပေါ်က အပြုံးဟာ
နတ်သမီးတစ်ယောက်ရဲ့
ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။

"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့
အပြင်ထွက်ပြီး ထမင်းစားမလို့ လို့
ပြောလိုက်တော့ သူတို့တွေက အမေ့ကို
အထင်ကြီးနေကြတယ်။ သားနဲ့
ဘယ်တွေသွားတယ် ဘာတွေစားတယ်
ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..."

ကားပေါ်တက်ရင်း အမေကပြောတယ်။

ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့်
သပ်သပ်ရပ်ရပ်နဲ့နွေးထွေးမှုရှိတဲ့
ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့
သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး
တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက
ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။

စားပွဲမှာ ထိုင်ပြီးတော့
အစားအသောက်စာရင်းကို ကျွန်တော်က
ဖတ်ပြရပါတယ်။ အမေက
စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။
ဖတ်ရင်းတန်းလန်းနဲ့
မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီး
စိုက်ကြည့်နေတဲ့အမေ့ကို တွေ့ရပါတယ်။

အတိတ်ကို သတိရနေတဲ့
အပြုံးလေးနဲ့ အမေကပြောတယ်...

"သားငယ်ငယ်လေးတုန်းကတော့
အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက
အမေပေါ့..."

"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို
အလှည့်ပေးပေါ့... နော်အမေ..."
လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။

ညစာစားရင်း ကျွန်တော်တို့နှစ်ယောက်
စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။
ပြောဖြစ်တဲ့ အကြောင်းအရာတွေက
ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။

အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ်
ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန်
ပြောဖြစ်ကြတာပါ။ စကားပြောတာ
ဘယ်လောက်ကြာသွားသလဲဆိုရင်
ရုပ်ရှင်တောင် လွတ်သွားတဲ့အထိပါပဲ။

အမေ့ကို အိမ်ပြန်ပို့တော့ အမေက
"အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ
အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ်
ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."
လို့ပြောလို့ ကျွန်တော် သဘောတူ
လိုက်ရပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက
"ညစာထွက်စားတာ ပျော်ခဲ့လား"
လို့ အပြုံးနဲ့ မေးပါတယ်။

"အရမ်းပျော်ဖို့ကောင်းတယ်။
ကိုယ်မျှော်လင့်ထားတာထက်တောင်
အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..."
လို့ ပြန်ဖြေမိပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက်
ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး
အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က
မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်
ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။

အမေဆုံးပြီး သိပ်မကြာခင်မှာ
အမေနဲ့ကျွန်တော် သွားခဲ့တဲ့
စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း
မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်
ကျွန်တော့်ဆီကိုရောက်လာပါတယ်။

ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့
စာလေးတစ်စောင်ပါပါလာပါတယ်။

"သား...
ဒီငွေတောင်းခံလွှာအတွက်
အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...
အဲဒီနေ့မှာ အမေ သားတို့နဲ့
အတူရှိနေနိုင်ပါ့မလားဆိုတာတော့
သိပ်မသေချာဘူး...

ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက်
ပိုက်ဆံပေးခဲ့တယ်။

အမေ့သားနဲ့အမေ့ချွေးမ အတွက်ပါ...
သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...
သားကို အမေသိပ်ချစ်တယ်..."

အမေ့စာကို ဖတ်ပြီးချိန်မှာ
ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း
အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာအချိန်တွေကို
အချိန်မီပေးဖို့ဘယ်လောက်
အရေးကြီးတယ်ဆိုတာ
ကျွန်တော်နားလည်လိုက်ပါတယ်။

ဘဝမှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး
အရေးကြီးတဲ့အရာ မရှိပါဘူး။

တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့
ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။
အခုလိုမိဝေးဖဝေးနဲ့ တနယ်တကျေး
ရောက်နေတဲ့အချိန်မှာ
လူကြီးမိဘတွေနဲ့တစ်အိမ်ထဲမှာ
အတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို
အားကျမိပါတယ်။

ကျွန်မလည်းမိဘနဲ့အတူတူနေတဲ့
အချိန်တွေတုန်းက
(မိဘခိုင်းတာရှိရင်တော့ အကုန်လုံး
လုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ
အချိန်အားရင် ကိုယ်ဘာသာတစ်ယောက်ထဲ
နေတတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့
အချိန်တွေကို တမက်တမော
ပြန်လိုချင်နေခဲ့ပါပြီ။ ဘဝမှာ
ကိုယ့်ဘာသာရုန်းကန်ရင်း
လူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ
နောက်ဆုံးကိုယ့်ဘက်မှာ
အမြဲတမ်းရပ်တည်တဲ့ သူတွေဟာ
မိသားစုပဲဆိုတာ ပိုပြီးနားလည်လာမိပါတယ်။

မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့
သူငယ်ချင်းတွေ အားလုံးကိုလည်း
အလုပ်တွေရှုပ်နေပေမယ့် မိဘအတွက်
အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

Thanks to Original Writer

နည်းစနစ်ကျကျအတွေးအခေါ် မှ ကူးယူသည်။


Photo from pixabay.com

Post a Comment

0 Comments