ထောင်ထွက်မှ ဗဟိုဈေးကွက်ဆီသို့


“သူ့ဘ၀သည် စိတ်ကူးယဉ်ပုံပြင်များထဲကလို အရာရာ အဆင်ပြေစွာဖြင့် ဖြတ်သန်းခဲ့ရသည်မဟုတ်။ ကုန်းကောက် စရာမရှိအောင် ဘ၀တွေ စုတ်ပြတ်ခဲ့ပြီးမှ ချမ်းသာခဲ့ရသည်” ခရစ်ဂါ့ဒ်နာ (Chris Gardner) ၏ဘ၀ကိုပြန်ပြီးသရုပ်ဖော်ကြည့်လျှင် ဖခင်အရင်းမသိ၊ ရိုင်းစိုင်းသည့်ပထွေးဖြင့် နေထိုင်ခဲ့ရသည်။ နှိပ်စက်ညှဉ်းပမ်းခံခဲ့ရသည်။ ထောင်ထဲတွင်အချိန်တွေ ကုန်ခဲ့ဖူးသည်။ လမ်းလျှောက် တတ်ခါစ ကလေးတစ်ယောက်နှင့်အတူ တစ်နှစ်ခန့် လမ်းပေါ်တွင် နေထိုင်ခဲ့ရသည်။

သို့သော် ဘ၀တွင် ရောင့်ရဲတင်းတိမ်နိုင်စွမ်းမရှိသည့် စိတ်ဆန္ဒကြောင့် တိုးတက်အောင်မြင်ခဲ့ရသည်။

အောင်မြင်ကြီးပွားလိုသည့်ဆန္ဒကြောင့်ပင် စတော့ ရှယ်ယာပွဲစား၊ လုပ်ငန်းပိုင်ရှင်၊ အရောင်းရဆုံးစာရေးဆရာ ဘ၀တွေကို ပိုင်ဆိုင်ခဲ့သည်။ နောက်ဆုံး သန်းကြွယ်သူဌေး ကြီးဖြစ်ခဲ့ရခြင်းသည် ကံကြောင့်လား အလုပ် ကြောင့်လား။

သူ့ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်မင်းသား Will Smit နှင့် ဟောလီးဝုဒ်ကပြန်ရိုက်ရသည်အထိ အောင်မြင်ခဲ့သည်။ သို့သော် ဟောလီးဝုဒ်က သူ့ဘ၀ဇာတ်ကြောင်းကို ပီပြင်စွာ ဖော်ပြနိုင်စွမ်း မရှိခဲ့ပေ။


ခရစ်ဂါ့ဒ်နာသည် သန်းကြွယ်သူဌေးကြီးဘ၀ကိုရောက်မှ သူငယ်စဉ်ကကျင်လည်ခဲ့ဖူးသည့် ရပ်ကွက်များ လမ်းများသို့ ပြန်လှည့်ကြည့်သည်။

ယခုအချိန် သူပြန်ပြီးမနေနိုင်တော့မှန်း သိသော်လည်း ဘ၀မမေ့ချင်သဖြင့် ပြန်လှည့်ကြည့်ခြင်းဖြစ်သည်။ တစ်ချိန်က အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် နေထိုင်ခဲ့ရသည့်ကာလများကို ပြန်ပြောင်း အောင့်မေ့ရင်း ဆင်းရဲစွာနေခဲ့ရသည့်ကာလများကို လွမ်းမောကြည့်မိသည်။

ယခုအချိန်တွင် သန်းကြွယ် သူဌေး၊ နိုင်ငံတကာလှည့်ပြီးပရဟိတ လုပ်ငန်းများလုပ်ဆောင်နေသူ၊ ရက်ရောသည့်အလှူရှင်ဘ၀ သူဘာကြောင့် ရခဲ့ပါသနည်း။ ဘာကြောင့် သူ့အကြောင်းကို လူတွေစိတ်ဝင်စားကြ ရပါသနည်း။

ဟောလီးဝုဒ်က သူ့ဇာတ်ကြောင်းကိုအကျဉ်းရုံးပြီး The Pursuit of Happyness ဟူ၍ မင်းသား Will Smit နှင့် ရုပ်ရှင်ကားကြီး တစ်ခုဖန်တီးပြသခဲ့သည်။ Will Smit ကို အကယ်ဒမီဆုရွေးချယ်ရေးအတွက် လျာထားခြင်းပင် ခံလိုက်ရသည်။

ယခု အသက် ၅၂ နှစ်ရှိပြီဖြစ်သည့်ဂါ့ဒ်နာသည် ချီကာဂို အခြေစိုက်အကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်သည့် Gardner Rich LLC ၏ ဥက္ကဋ္ဌကြီးဖြစ်ပြီး နယူးယောက်နှင့် ဆန်ဖရန် စစ္စကိုမြို့ကြီးများတွင် ရုံးခွဲများကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့သည်။

သူပထမဦးဆုံး အကျိုးဆောင်မှု လုပ်ပေးခဲ့ရသည့် ဖောက်သည်မှာ Bay Area Rapid Transit District ဖြစ်သည်။ ထိုလုပ်ငန်းကိုသူရလိုက်ခြင်းသည် သူ့ကိုယ်ပိုင် အရည်အချင်း ကြောင့်ဖြစ်သည်။

ယင်းဌာန၏ System ကို အကျိုးဆောင်ကုမ္ပဏီများထဲတွင် သူ့လောက်သိသူမရှိသောကြောင့်လည်းဖြစ်သည်။

သူဘာကြောင့်ထိုဌာန၏အကြောင်းကို ကောင်းကောင်းသိနေပါသနည်း။ တစ်ချိန်က ဤဒေသ ရေချိုးခန်းလေး တစ်ခုထဲတွင် နေထိုင် ခဲ့ဖူး သောကြောင့်ဖြစ်သည်။

“အဲဒီအချိန်က ဘာမှလုပ်ချင် ကိုင်ချင်စိတ်တွေ မရှိအောင်ဖြစ်ခဲ့ဖူးတယ်” ဟုသူကပြန်ပြောင်းပြောရှာသည်။

တစ်ချိန်ကထောင်ထွက်တစ်ဦးသည် ကုမ္ပဏီ၏ထိပ်တန်း အရာရှိ၊ ၂၀၀၄ ခုနှစ် တောင်အာဖရိကနိုင်ငံ ရွေးချယ်တင်မြှောက်ပွဲတွင် လေ့လာ အကဲခပ်သူ၊ နိုင်ငံတော်မှပေးသည့် အရည်အချင်းအရှိဆုံး ဖခင်ဆု ကိုရရှိခဲ့သူ၊

၂၀၀၆ ခုနှစ် နယူးယော့ခ်တိုင်း အရောင်းရဆုံးစာအုပ်စံချိန်ရှင်အဖြစ် The Pursuit of Happyness စာအုပ်ဖြင့်ရရှိခဲ့သူ၊ ရုပ်မြင်သံကြားကဏ္ဍ 20/20 နှင့် The View တို့တွင် သူ့ဘ၀ဇာတ်ကြောင်းကို ဖော်ပြခြင်း ခံရသူ၊ Fortune မဂ္ဂဇင်းတွင်လည်း ဖော်ပြခြင်းခံရသူ စသည်ဖြင့်သူ့အကြောင်းတွေက ပြောမဆုံးပေါင် ဖြစ်လာ ရသည်။

Pursuit ရုပ်ရှင်အား ဇာတ်ညွှန်းရေးပေးသူ Steve Conrad က သူ့ဇာတ်လမ်းနှင့်ပတ်သက်ပြီး “တကယ့် လက်ဖျားခါလောက်တဲ့ ဇာတ်လမ်းပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာက လူတိုင်းမှာမရှိနိုင်တဲ့ သဘာဝတရားက ပေးအပ်ထားတဲ့ ပါရမီထူးရှိနေလို့ပဲ။ သူဟာ တကယ့် လူတော်ဆိုတော့ ဘာလုပ်လုပ် အောင်မြင်မှာ သေချာတယ်” ဟုမှတ်ချက်ချသွားသည်။

လူတစ်ယောက်သည် ငယ်ရွယ်စဉ်ကာလ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပမ်းခြင်းခံရရုံမျှမက ထောင်ထဲသို့ပင် ရောက်ခဲ့ရပြီး အဘယ်ကြောင့် အောင်မြင်သူတစ်ယောက်ဖြစ်ခဲ့ရသနည်း။

ဂါ့ဒ်နာသည် မေးဝေါ့ကီမြို့သို့ရောက်စဉ် ဤသို့ဖြေကြားသွားခဲ့သည်။

“ကျွန်တော်က စနစ်သမားတစ်ယောက်ဘ၀ကို မရွေးချယ်ခဲ့လို့ပဲ။ ကျွန်တော်တစ်ခြားနည်းလမ်းနဲ့ သွားကြည့်တယ်။ လူတွေရဲ့အမြင်မှာက ဒီမှာမွေး ဒီမှာကြီးပြီး ဒီအတိုင်းဖြစ်ရမယ်လို့ စနစ်အတိုင်း သတ်မှတ်ထားကြတယ်။ ကျွန်တော်က ဒီလိုမသွားဘူး။ ဖောက်ထွက်သွားကြည့်တယ်”

သူရွေးချယ်ခဲ့သည့် လမ်းကြောင်းကိုပြန်ပြောင်းသုံးသပ်ကြည့်လျှင် မေးဝေါ့ကီမြို့တွင်မွေးဖွားကြီးပြင်းခဲ့သည်။ သူ့မိခင်အမည်က ဘက်တီဂျင်းဂါ့ဒ်နာဖြစ်သည်။ အဖေကိုတော့ ယခုအထိ သူမသိ။

ဘက်တီဂျင်းသည် ခေါက်ရိုးကျနေသည့် ကျောင်းဆရာမတစ်ယောက်ဖြစ်သည်။ သူ့သားသမီးများကို အောင်မြင်သည့် သူများဘ၀ သို့သာ ဦးတည်ထားသည်။ ဂါ့ဒ်နာ၏မိခင်သည် သူ့သားသမီးတွေကို တစ်နေ့မှာ တစ်ခုခုဖြစ်ကို ဖြစ်ရမည်ဆိုပြီး အမြဲသွန်သင်ဆုံးမတတ်သည်။

သို့သော်ဘက်တီလည်း အိမ်တွင်ကြာရှည်စွာမနေနိုင်။ လိမ်လည်မှုတစ်ခုကြောင့် ထောင်ထဲရောက်သွားသည်။ ဘက်တီထောင်ထဲ ရောက်နေစဉ် သူနှင့်အတူနေထိုင်သည့် ဖရက်ဒီဆိုသူပထွေးက ဂါ့ဒ်နာကို မကြာခဏ ရိုက်နှက်နှိပ်စက်တတ်သည်။

သူ့ပထွေးက ဘက်တီကိုလည်း သေလုမြောပါး ရိုက်နှက်တတ်သေးသည်။ ခေါင်းကို လေးလက်မခန့်အထိကွဲသွားအောင် ရိုက်နှက်ခဲ့ဖူးသည်။ မိခင်ဖြစ်သူ ခေါင်းတွင် သစ်သားချောင်း စိုက်ဝင်ပြီး ကြမ်းပြင်ပေါ်လဲကျနေသည်ကို ဂါ့ဒ်နာကြုံခဲ့ဖူးသည်။

အကျယ်လေးလက်မ၊ အနက် ၂ လက်မခန့်ခေါင်းကွဲသော်လည်း ဘက်တီတစ်ယောက် သေကံမရောက် သက်မပျောက်ခဲ့ပေ။ ဂါ့ဒ်နာသည်လည်း အလားတူမေးဝေါ့ကီမြို့တွင် အထုအရိုက်ခံရင်းကြီးပြင်းလာရသည်။

သူအသက် ၁၈ နှစ် အရွယ်တွင် အမေရိကန်ရေတပ်သို့ ဝင်သွား သည်။ ဘ၀ကို ကိုယ်တိုင်ရုန်းကန်လာရသဖြင့် ချွေတာစုဆောင်းပြီး ခြစ်ခြုတ် နေထိုင်ရသည်။ မကြာမီသူကာလီဖိုးနီးယားသို့ ပြောင်းရွှေ့သွား သည်။

တစ်နေ့ တွင် ဖယ်ရာရီကားအနီတစ်စင်းဖြင့် သူ့ နောက်သို့ လူတစ်စုလိုက်နေသည်ကို သတိထားမိလိုက်သည်။ သူ စိတ်မသက်မသာဖြင့် ကားရပ်နားရန်နေရာရှာနေစဉ် သူတို့ကို သွားပြီးရင်ဆိုင်လိုက်သည်။ ကားပိုင်ရှင်သည် စတော့ ရှယ်ယာပွဲစားဖြစ်သည်။ တစ်လ ဒေါ်လာ ၈၀၀၀၀ ခန့် ဝင်ငွေရှိသည်။ ဆရာဝန်ထက်ပင်ဝင်ငွေ ကောင်းသူဖြစ်သည်။

နှစ်ယောက်သား လေပေးအတော်လေးဖြောင့်သွားသည်။ ရံဖန်ရံခါနေ့လည်စာစားရင်း ပွဲစားက လုပ်ငန်း သဘောတရားများကို သူ့အား ရှင်းပြသည်။ သူ့ကိုဖောက်သည် စာရင်းများကိုပင် ပြုစုပေးလိုက်သေးသည်။

ဂါ့ဒ်နာတစ်ယောက် ပွဲစားအလုပ်စခဲ့ရသည်။ တစ်အိမ်တက်ဆင်း တံခါးလိုက်ခေါက်စဉ် မကျေမနပ် တံခါးစောင့်ပိတ်ခံရသဖြင့် မျက်နှာမထိစေရန် မနည်းရှောင်ခဲ့ရသည်။

ထိုစဉ်က ပွဲစားတစ်ယောက်အတွက် MBA ဘွဲ့လောက်တော့အနည်းဆုံးရှိထားမှဖြစ်သည်။ သူက တက္ကသိုလ် လည်း မတက်ခဲ့ရ။ အကြောင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်သည်။

သူမှာဘွဲ့လည်းမရှိ။ နိုင်ငံရေး နောက်ခံလည်းမရှိ။ ငွေလည်းမရှိ။ မည်သည့်နည်းဖြင့် စီးပွားရေးလုပ်ငန်းကြီးလုပ်၍ အောင်မြင်နိုင်ပါမည်နည်း။

နောက်ဆယ်လအကြာ မအောင်မြင်စွာဖြင့် ရုန်းကန်လှုပ်ရှားနေရင်း မြတ်ရိတ်၊ မြေအောက်ခန်းရှင်း၊ အမှိုက်သိမ်း၊ အမိုးပြင်၊ အိမ်ဆေးသုတ် အစုံလုပ်ခဲ့ရသည်။ သို့သော်သူ့စိတ်က Wall Street သို့သာ ရောက်နေသည်။

ခက်ခဲစွာဘ၀ကိုရုန်းကန်နေစဉ်တစ်နေ့ တွဲနေသည့်အမျိုးသမီးမိတ်ဆွေနှင့် စကားများကြသည်။ တစ်ယောက် ယောက်က ရဲကိုခေါ်လိုက်သဖြင့် ရဲရောက်လာပြီး အမှတ်မထင် သူရပ်ထားသည့် ကားနံပါတ်ကို စစ်လိုက်ရာ ကားရပ်ခွင့်ကြေးမပေးဆောင်ထားကြောင်းတွေ့ရှိသွားသည်။ ထိုအမှုဖြင့် သူ့ကိုတရားစွဲပြီး ထောင် ၁၀ ရက် ချလိုက်သည်။

ထောင်ကျနေစဉ်ပို၍ဆိုးသည့်ကံဖန်လာပုံမှာ အမျိုးသမီးမိတ်ဆွေသည် သူနှင့်ရသည့်သားကို ခေါ်ပြီး ထွက်သွားခြင်းဖြစ်သည်။

သူအတော်လေး စိတ်မကောင်းဖြစ်သွားသည်။ အဖမဲ့သားတစ်ယောက်အနေဖြင့် သူကြီးပြင်းလာရသည်။ သူ့ အနေဖြင့် သားဖြစ်သူကို သူ့လိုဘ၀မျိုး အဖြစ်မခံနိုင်ပေ။

ထောင်ထဲနေရစဉ် ကာလလေးသည် အတော်လေးဆိုးရွားသည်ဟုဆိုရမည်။ ထောင်ထဲတွင် လူသတ်သမားများ၊ မုဒိမ်းသမား များနှင့်အတူ နေထိုင်ရသည်။ သူ့အတွေးထဲတွင် သားဘယ် ရောက်နေသလဲ။ သားနှင့်တွေ့ရပါဦးမလားဆိုပြီး အမြဲတွေးနေမိသည်။

သူထောင်ထဲမဝင်မီ Dean Witter စတော့ရှယ်ယာပွဲစား ကုမ္ပဏီနှင့် အင်တာဗျူးဝင်တွေ့ရန် ချိန်းဆိုထား ခဲ့သည်။ ကံမကောင်းသည်က သူထောင်ကမလွတ်မီ အင်တာဗျူးကပြီးသွားသည်။

ထောင်ကလွတ်သည်နှင့် သူကိုပြန်ပြီးအင်တာဗျူးလုပ်ပေးပါရန် အစောင့်ဖြစ်သူကိုတောင်းပန်ရသည်။ ထောင်မှ လွတ်စဉ်အဝတ်အစားအတိုင်း အင်တာဗျူးဝင်တွေ့ရသည်။

သူ့ကိုလူတွေ့စစ်ဆေးမည့်သူများက တစ်ချက် ကြည့်ပြီး နောက်ဖေးလမ်းကြားက ထလာတာလားဟု မေးလိုက်သည်။ သူလိမ်ညာ မပြောချင်တော့။

ကားရပ်နားခွင့် ကြွေးကျန်သဖြင့် ထောင်ထဲဝင်ရပြီး ယခုမှထောင်ကထွက်လာခြင်းဖြစ်ကြောင်း၊

အမျိုးသမီးက လည်းစွန့်ခွာသွားကြောင်း၊ သားဖြစ်သူလည်း ဘယ်ရောက်၍ ဘယ်ပေါက်မှန်းမသိကြောင်း၊ ယခုဤနေရာသို့ ရောက်လာရခြင်းမှာ အလုပ်ကိုရမှဖြစ်မည်ဟုယုံကြည်ထားသောကြောင့် လာရောက်ရခြင်းဖြစ်ကြောင်း ပြောလိုက်သည်။

သူ့ကိုတွေ့ဆုံသူများထဲတွင် လင်မယား ကွဲဖူးသည့်သူများ ပါဟန်တူသည်။ သူတို့က ကရုဏာသက်ပြီး သင်တန်းတက်ရန် အခွင့်အရေးရသွားသည်။ အလုပ်ရဖို့ သေချာသလောက် ဖြစ်သွားပြီ။

လအတန်ကြာသည့်အခါတွင် သူ့ကိုစွန့်သွားသည့်အမျိုး သမီးသည် သူနေထိုင်ရာ ဘော်ဒါဆောင်သို့ ရောက်လာသည်။ သူနှင့်ရသည့် သားဖြစ်သူ ခရစ်စတိုဖာကို မမွေးနိုင်တော့ကြောင်းလာပြောသည်။

ဂါ့ဒ်နာက တကယ်အပြတ်ပဲလားဟု သေချာအောင်မေးလိုက်သည်။ ကလေးကို ခေါ်ထားလိုက်သည်။ သူတို့ အိမ်ထောင် ရေးကတော့ ပြီးဆုံးသွားပြီ။ ဘော်ဒါဆောင်တွင် ကလေးများကိုခေါ်ထားခွင့်မရှိ။

သူသင်တန်း တက်နေစဉ် ရရှိသည့် ထောက်ပံ့ငွေလေးနှင့်လည်း သားအဖနှစ်ယောက် အိမ်ငှားမနေနိုင်။ သူတို့နှစ်ယောက် အိုးမဲ့အိမ်မဲ့ လမ်းပေါ်နေဘ၀သို့ ရောက်ခဲ့ ကြရသည်။

ညဆိုလျှင်ကြုံရာအိပ်ပြီး မနက်မိုးလင်းလျှင် အပြင်ထွက်ကြရသည်။ သားငယ်က လမ်းလျှောက်တတ်ကာစ အရွယ်ဖြစ်သည်။ အိတ်ရှုံ့ လုံးကြီးတစ်လုံးကိုသူလွယ်ထားရသည်။

ထိုအိတ်ကြီးထဲတွင် သူ့အဝတ်အစားများ၊ ကလေးအဝတ်အစားများ၊ လက်ဆွဲအိတ်၊ အလုပ်သွား ဝတ်စုံများကို စုပြုံထိုးထည့် ထားရသည်။

ညဆိုလျှင် မီးရထားဘူတာရုံအတွင်းရှိ ရေချိုးခန်းနှင့်သန့်စင်ခန်းအတွင်း သူတို့သားအဖနှစ်ယောက် ဝင်အိပ်ရသည်။ တစ်ခါတစ်လေ ရုံးရှိစားပွဲခုံအောက်တွင် အိပ်လိုက်ကြရသည်။

အဖေနှင့်သားနှစ်ယောက် တစ်နေ့ အုတ်ကလန် မြောက်ပိုင်းသို့ လမ်းလျှောက်ထွက်ကြသည်။ လူတစ်ယောက် သည် နှင်းဆီခြုံများ ဖုံးလွှမ်းနေသည့် အဆောက်အဦးဟောင်းကြီး တစ်လုံးကို ငေးကြည့်နေသည်ကို တွေ့လိုက် ရသည်။

သူက ဂါ့ဒ်နာအား ဤအခန်းများတွင် လူလွတ်နေသည့်အခန်းတစ်ခန်းရှိကြောင်းပြောပြီး ချက်ချင်းပင် သူ့ကို အခန်းငှားလိုက်လေတော့သည်။ ထိုညတွင် သားအဖနှစ်ယောက် ကြမ်းပြင်ပေါ် အိပ်စက်ခွင့် ရရှိသွား သည်။

တစ်နှစ်ခန့် နံနက်ခင်းရောက်၍ အပြင်ထွက်တိုင်း ဂါ့ဒ်နာသည် အိတ်ကြီးကို သွားလေရာသို့ သယ်ဆောင် သွားဆဲဖြစ်သည်။ တစ်နေ့ အိမ်မှအထွက် အိတ်မသယ်တော့သဖြင့် သားဖြစ်သူက အိမ်တွင်တစ်ခုခု ကျန်ခဲ့ပြီ ဟုပြောရာ သူက အခန်းနှင့် သော့ရှိပြီဖြစ်သဖြင့် ယူစရာ မလိုတော့ကြောင်းပြောပြီး ရုံးသွားသည့်အိတ်လေးဖြင့် ရထားကိုလွတ်လပ်စွာစီးသည့် ဘ၀သို့ရောက်ရှိသွားခဲ့သည်။

ဂါ့ဒ်နာသည် အလုပ်ဝင်ပြီးနှစ်အနည်းငယ်အတွင်း သူ အမြဲတန်းအိပ်မက်ခဲ့ရသည့် Wall Street တွင် အလုပ်လုပ်ခွင့် ရရှိသွားခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သူသည်ကိုယ်ပိုင် စတော့ရှယ်ယာ ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

ချီကာဂိုမြို့တွင် Gardner Rich & Co., ဟူသည့်အမည်ဖြင့်ဖြစ်သည်။ ယခုတော့ ဖယ်ရာရီကားတစ်စီးကို ကိုယ်ပိုင်ဝယ်စီးနိုင်သည့်ဘ၀သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဂါ့ဒ်နာသည် သူ့ဘ၀ကို စိတ်ကူးယဉ်ပုံပြင်တစ်ခုပမာ မည်သည့်အခါကမျှ မှတ်ယူခြင်းမရှိခဲ့ပေ။ ဘ၀တွင် ခက်ခဲမှု၊ ကြမ်တမ်းမှုတွေ မည်မျှရှိခဲ့သည်ဆိုစေ အခက်အခဲကြားထဲတွင် သူသည်အနစ်မြုတ်မခံ။

ရုန်းရင်း ကန်ရင်း တကယ်ဖြစ်ချင်သည့်ဘ၀ကို တကယ်အလုပ်လုပ်ပြီး အဟုတ်ရယူသွားနိုင်သူ ဖြစ်ခဲ့ရသည်။ ကိုယ်တိုင်ကောင်းအောင်နေ၊ စိတ်ဓာတ်မကျနဲ့၊ စီမံချက်ချ၊ ကိုယ်ခင်တွယ်သူနှင့်အတူလက်တွဲနေနိုင်ရေး ကြိုးစားခဲ့၍သာ ထောင်ကျဘ၀မှ သန်းကြွယ်သူဌေးဘ၀သို့ ရောက်ရှိခဲ့ရသည်မဟုတ်ပါလား။

Ref : Million $ Man, by Jackie Loohauis

From Jail to Wall St., by Maria Bartiromo

Written by တင်ညွန့်

Post a Comment

0 Comments