သာမန်လေ ပျော်ရွှင်လေ

 
  တစ်ခါက စာကလေးတစ်ကောင်ဟာ သူ့ရဲ့ဘာမှထူးခြားမှုမရှိတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်ပျက်ညည်းတွားနေခဲ့တယ်။ တစ်ညမှာ စာကလေးဟာ သူ့ကိုယ်သူ ရောင်စုံအမွေးအတောင်နဲ့ လှပတဲ့ဒေါင်းတစ်ကောင်ဖြစ်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူဟာ လှပတဲ့အမွေးအတောင်ကို ဖြန့်ကားပြီး သတ္တဝါတိုင်းကို ကြွားဝါနေခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကလာတဲ့ ဟိန်းဟောက်သံကို ကြားလိုက်တယ်။ တခြားသတ္တဝါငယ်လေးတွေလိုပဲ အမြင့်ကိုပျံဖို့၊ အမြင့်ကိုခုန်တက်ဖို့ သူကြိုးစားခဲ့ပေမယ့် လေးလံတဲ့ ခန္ဓာကိုယ်နဲ့အတောင်ကြောင့် အမြင့်ကိုသူမပျံနိုင်ခဲ့ဘူး။ သားရိုင်းတွေကလည်း နီးသထက်နီးလာခဲ့တယ်။ ရုန်းဆန်ရင်း ကယ်တင်ဖို့ အသံကုန်သူအော်ဟစ်ချိန်မှာ အိပ်မက်ဆိုးကနေ သူလန့်နိုးလာခဲ့တယ်။ အိပ်မက်ကနိုးလာပြီး သေးငယ်တဲ့ကိုယ့်ခန္ဓာကို စိတ်ပျက်လက်ပျက် သူကြည့်လိုက်မိပြန်တယ်။

   ဒုတိယညမှာ စာကလေးဟာ သူ့ကိုယ်သူသိမ်းငှက်ဖြစ်သွားတယ်လို့ အိပ်မက်မက်ပြန်တယ်။ သူ့ရဲ့သန်မာတဲ့အတောင်ကို ဂုဏ်ယူစွင့်ကားပြီး ကောင်းကင်အမြင့်မှာ ပျံဝဲနေလိုက်တယ်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ အမြင့်ကကြည့်ရင် ပိုလှကြောင်း သူသတိထားလိုက်မိတယ်။ လှပတဲ့ရှုခင်းအကြောင်း တစ်ခြားသတ္တဝါလေးတွေကို ပြောပြဖို့ မြေပြင်ကို သူဆင်းခဲ့တယ်။ ဒါပေမယ့် သတ္တဝါလေးတွေက သိမ်းငှက်အသွင်နဲ့ သူ့ကိုမြင်တော့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်။ သူ့အနားမှာ စကားပြောဖော် တစ်ကောင်မှ ကျန်မနေခဲ့ဘူး။

   အိပ်မက်ကနိုးလာတော့ စာကလေးဟာ သေးငယ်တဲ့၊ ဘာမှထူးခြားမှုမရှိတဲ့ သူ့ခန္ဓာကိုယ်ကို ညည်းတွားမနေတော့ဘူး။ လှပတဲ့အမွေးအတောင်နဲ့ ဒေါင်းဟာ သားရိုင်းတွေနဲ့ကြုံတဲ့အခါ မပြေးလွှားနိုင်ခဲ့ဘူး၊ အမြင့်ကို မပျံသန်းနိုင်ခဲ့ဘူး။ သန်မာပြီး သူ့ကိုယ်သူ အမြင့်ဆုံးပျံနိုင်တယ်ဆိုပြီး ဂုဏ်မောက်ခဲ့တဲ့ သိမ်းငှက်မှာလည်း ချစ်ခင်သူတွေမရှိခဲ့ဘူး။ ထူးခြားမှုမရှိတာလည်း တစ်မျိုးကောင်းတယ်၊ ရိုးစင်းနေလည်း ပျော်ရွှင်ဖို့ကအဓိက၊ ချစ်ခင်သူတွေပေါများဖို့ရာ အဓိကဆိုတာကို သူနားလည်လိုက်တယ်။

   ပုံပြင်ထဲက စာကလေးလိုပဲ လူတချို့က နာမည်ကြီးသူ၊ ချမ်းသာကြွယ်ဝသူတွေကို အားကျကြတယ်။ ကိုယ်တိုင်လည်း ကြိုးစားနေပါရက်နဲ့ ဘာကြောင့်သူတို့လို မဖြစ်တာလဲလို့ စိတ်ပျက်အားငယ်တတ်ကြတယ်။ ချမ်းသာကြွယ်ဝတိုင်း၊ အောင်မြင်တိုင်း သူတို့ဘဝဟာ ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ လူတွေမသိကြတဲ့၊ မမြင်နိုင်တဲ့ အခက်အခဲ၊ ထုတ်ဖော်မပြောဝံ့ကြတဲ့ အခက်အခဲတွေလည်း သူတို့မှာရှိကြတယ်။ သူတို့ရဲ့ စိတ်ဖိအား၊ အဖက်ဖက်က ဖိစီးမှုတွေက ဘာမှမထူးခြားတဲ့ လူတွေထက် နှစ်ဆရှိနိုင်ပါတယ်။ ဘာမှမက်မောမှုမရှိတဲ့ ဘဝကမှ ဖိစီးမှုကင်းပြီး ပျော်ရွှင်ရတယ်။

   “ဘာမှမထူးခြားဘူး၊ သာမန်ပဲ” ဆိုတာတွေဟာ ဘုရားသခင်ကကိုယ့်ကိုပေးတဲ့ မထည်ဝါတဲ့ အရာတွေဖြစ်ပေမယ့် တန်ဖိုးအရှိဆုံးဖြစ်တယ်။ ဘာမှထူးခြားမှုမရှိတဲ့ ကိုယ့်ကိုယ့်ကိုကြည့်ပြီး စိတ်ပျက်အားငယ်မနေကြပါနဲ့။

   ပျံသန်းနိုင်တဲ့အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့
   အိပ်မက်မက်နိုင်ချိန်မှာ အိပ်မက်တွေကို လက်မလွှတ်ပါနဲ့
   ချစ်နိုင်တဲ့အချိန်မှာ အချစ်ကိုလက်မလွှတ်ပါနဲ့
   ပျော်ရွှင်ခြင်းလာချိန်မှာ ပျော်ရွှင်ခြင်းတွေကို အမိအရဖမ်းဆုပ်လိုက်ပါ...


နိုင်းနိုင်းစနေ (Friday, June 06, 2008)

Post a Comment

0 Comments