ချစ်ခြင်းရဲ့ပေါင်းသင်းခြင်း ဒဿန


အတိတ်----- အကြင်နာတွေနဲ့ ပြည့်ခဲ့တဲ့အတိတ်က ပြန်ပြောင်းအောက်မေ့တိုင်း လူကိုကြည်နူးစေတယ်။

.

အနာဂတ်---- ပျော်ရွှင်ခြင်းနဲ့ အပြန်အလှန် ပေါင်းသင်းမှီခိုတတ်ရတယ်။

.

ကိုယ့်အတိတ်ကိုတန်ဖိုးထားတတ်တဲ့သူကမှ စစ်မှန်တဲ့အချစ်နဲ့ သင့်ကိုချစ်မြတ်နိုးနိုင်မှာဖြစ်တယ်။

.

တကယ်တော့ ဘယ်လိုချစ်ခြင်းမေတ္တာမျိုးမဆို ကျန်းကျန်းမာမာရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲမှားမှုက အချင်းချင်းဆက်ဆံမှုကို မကျန်းမမာဖြစ်စေတယ်။ ဒါကြောင့် ကိုယ်တို့မှာ "ခွင့်လွှတ်ခြင်း"ဆိုတဲ့ ဆေးကိုသုံးပြီး ကျန်းမာအောင် အမြဲဂရုစိုက်ခဲ့ရတယ်။

.

အခုခေတ်လူငယ်တွေမှာ ချစ်စရာဓလေ့တစ်ခုရှိတယ်။ အဲတာက သူတို့ရဲ့ပွင့်လင်းမှုဖြစ်တယ်။ ပွင့်လင်းလွန်းလို့ တချို့ကိစ္စ၊ တချိုနေရာတွေမှာ လူကြီးတွေတောင် ခံစားလို့မရနိုင်ခဲ့ဘူး။ လူကြီးတွေရဲ့ စေတနာပါတဲ့စကား၊ စစ်မှန်တဲ့ပွေ့ဖက်မှုတွေနဲ့ Generation gap ကို ပပျောက်စေပါတယ်။

.

မိဘတွေရဲ့ ထိန်းသိမ်း၊ ကန့်သတ်ချုပ်ချယ်မှုနည်းချင်ရင် ကိုယ်ကိုယ်တိုင် အရင်ဆုံးကောင်းအောင် လုပ်သင့်တယ်။ မိဘတွေကို စိတ်မပူစေချင်ရင် ကိုယ်ကိုယ်တိုင်ယုံကြည်စိတ်ချအောင် နေသင့်တယ်။ ကိစ္စအသေးအမွှားကစ တာဝန်သိတတ်မှုအထိ တဖြည်းဖြည်းသင်ယူသင့်တယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ မိဘတွေနဲ့အတူ မျှဝေခံစားသင့်တယ်။

.

ချစ်ခြင်းကြားက မသင့်မြတ်မှု၊ ငြင်းခုန်ရန်ဖြစ်မှုတွေက အလေ့အကျင့်တွေ တဖြည်းဖြည်း စုပုံပြီးမှ ဖြစ်လာခဲ့တာဖြစ်တယ်။ ဒီလိုအကျင့်တွေ ဘယ်အချိန်မှာ စမွေးမြူလာသလဲ၊ ဘယ်အချိန်မှာဖြစ်လာခဲ့သလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် လေ့လာမိကြမှာမဟုတ်ဘူး။ သည်းခံဖို့ တစ်ယောက်ကရွေးချယ်နေချိန်မှာ တစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း ပြန်ဆက်ဆံတယ်။ ဒါတွေက အလေ့အကျင့်ပဲဖြစ်တယ်။ သဲအိမ်လို သဲတွေနဲ့ဖြည်းဖြည်းချင်းဆောက်ထားတဲ့ ပျော်ရွှင်မှုတွေက အဲဒီအကျင့်တွေကြောင့် ပျက်သွားတတ်တယ်။

.

ကိုယ်ပျော်ရွှင်မှ ကိုယ့်ကိုယ်ချစ်တဲ့လူပျော်ရွှင်ဖို့ စွမ်းဆောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် မမေ့သင့်တာတစ်ခုက သူတစ်ပါးနာကျင်မှ ကိုယ်ပျော်မယ့်ပျော်ရွှင်မှုမျိုးကိုတော့ အတတ်နိုင်ဆုံးရှောင်ရတယ်။ တကယ်လို့ တစ်ဘက်သားကို တကယ်ချစ်ရင် လေးစားရတယ်၊ သူ့ရွေးချယ်မှုကို အလေးထားရတယ်။ သူပျော်ရွှင်အောင်ထားရတယ်။

.

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုက ချစ်ခြင်းရဲ့စည်းချက်ကျတဲ့အာရုံ (Sense of rhythm)ကို အမိအရ ဖမ်းယူတတ်ဖို့ဖြစ်တယ်။ နောက်ပြီး အဲဒီစည်းချက်နဲ့အတူ စည်းဝါးလိုက်ပြီး ခြေလှမ်းမှန်မှန်နဲ့ ရပ်သင့်တဲ့နေရာရပ်၊ ဆက်သင့်တဲ့နေရာဆက်၊ ရှေ့တိုးသင့်တိုး၊ နောက်ဆုတ်သင့်ဆုတ်တတ်ဖို့ ကိုယ့်ကို အသိပေးရတယ်။

.

ဘယ်လောက် ထုထည်ကြီးတဲ့ ချစ်ခြင်းမျိုးဖြစ်ဖြစ် တဗျစ်တောက်တောက် ပြောဆိုမှုဒဏ်ကို မခံနိုင်ကြဘူး။ "ကျေးဇူးတင်ပါတယ်" "ချစ်တယ်" ဆိုတဲ့စကားတစ်ခွန်းက အရာရာကို အောင်နိုင်စေပါတယ်။

.

ခြောက်ပစ်ကင်းတဲ့လူ မရှိပါဘူး။ ပျော်ရွှင်ခြင်းမှာလည်း တစ်ရာအပြည့်ပျော်ရွှင်ခြင်းဆိုတာ မရှိပါဘူး။ အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တစ်ချိန်တည်း ကိုယ်မစွမ်းဆောင်နိုင်သလို၊ တစ်ချိန်တည်းမှာ အများကြီးတောင်းဆိုဖို့ ကိုယ့်မှာအင်အားမရှိဘူးလို့သိတဲ့လူက ရင့်ကျက်သူဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် နှစ်ဦးနှစ်ဘက် နာကျင်ရတယ်။

.

တကယ်လို့ နှစ်ဦးနှစ်ဘက်လုံး အတွေး၊ အမြင်သစ်တွေနဲ့ ပြောင်းလဲပြီး တစ်ယောက်ကိုတစ်ယောက် မဆက်ဆံ၊ မပြောဆိုနိုင်ခဲ့ရင် ပြန်လည်ပေါင်းသင်းချိန်မှာ အင်အားသစ်တွေ လျော့နည်းနေလိမ့်မယ်။ လေထဲက ဖယောင်းတိုင်လေးလို မီးငြိမ်းလွယ်ပြီး ပြန်ထွန်းညှိရခက်လိမ့်မယ်။

.

မှန်မှန်ကန်ကန်ရှင်သန်ပြီး ချစ်ခြင်းကို သတ္တိရှိရှိရှာဖွေနေတဲ့ မိန်းကလေးမျိုးက ကောင်းကွက်၊ ဆိုးကွက်နည်းနည်းစီရှိတဲ့ ယောက်ျားမျိုးကို နှစ်သက်တတ်တယ်။ ကိုယ်ရွေးခဲ့တဲ့ယောက်ျားရဲ့ ကောင်းကွက်ထဲကနေ ကိုယ့်ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို သိနိုင်ပြီး ဆိုးကွက်ထဲကနေ ကိုယ့်ရဲ့ခွင့်လွှတ်နားလည်တတ်တဲ့စိတ်ကို ဖော်ပြတာဖြစ်တယ်။

.

လေးလေးနက်နက်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်မှာ ဖျောက်ဖျက်လို့မရတဲ့ စွဲလမ်းမှုတစ်မျိုးရှိတယ်။ တစ်ဘက်သားသစ္စာဖောက်တာကို ဘယ်လိုမှ လက်ခံနားလည်မပေးနိုင်သလို သစ္စာဖောက်ပြီလို့သိတာနဲ့တပြိုင်နက် သူကဦးအောင် လမ်းခွဲလိုက်တယ်။ ဘယ်တော့မှလည်း နောက်ပြန်လှည့်တော့မှာ မဟုတ်ဘူး။

.

အချင်းချင်းချစ်ကြသူတွေက ပွင့်လင်းရမယ်လို့ တစ်ယောက်ကိုတစ်ယောက် တောင်းဆိုတတ်ကြတယ်။ ချစ်သူတွေကြားမှာ "မဖုံးမကွယ်" တဲ့အရာတွေများပေမယ့် ငွေကြေးတွေနဲ့ ပတ်သက်တဲ့သဘောထား၊ စိတ်ကျေနပ်မှု ရှိမရှိဆိုတာကိုတော့ လျှို့ဝှက်ထားတတ်ကြတယ်။

.

ယောက်ျားတွေက မိန်းကလေးတွေရဲ့ တစ်ညတာရူးသွပ်ပျော်ရွှင်မှုကို စုထားတတ်ကြတယ်။ မိန်းကလေးတွေက ယောက်ျားလေးရဲ့တစ်သက်တာအချစ်ကို စုဆောင်းထားတတ်ကြတယ်။

.

အိမ်ထောင်သက်ကြာပြီး အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက ငယ်ရွယ်နုပျိုစင်မှာ ချစ်ခဲ့ကြတဲ့ ရိုလာကိုစတာစီးသလိုမျိုး စိတ်လှုပ်ရှားထကြွတဲ့ အချစ်ကို မမေ့တတ်ကြသလို၊ ဘဝခရီးတစ်လျှောက် နှစ်ယောက်အတူ မျှဝေခံစားခဲ့တဲ့ အကောင်းအဆိုးကိုလည်း မမေ့တတ်ကြဘူး။

.

ပျော်ရွှင်ခြင်းမှာ အသံရှိတယ်။ လူတွေနိုးကြားဦးနှောက်ကြည်နေတဲ့အချိန်မှ အဲဒီအသံကို ကြားနိုင်မှာဖြစ်တယ်။ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ဉာဏ် နိုးကြားချိန်မှ တစ်ဘက်သားကို စိတ်ချလက်ချချစ်နိုင်တယ်။ ဒါမှ ပျော်ရွှင်ခြင်းကို အချိန်ကြာကြာ သိုလှောင်ထားနိုင်မှာဖြစ်တယ်။

.

(အင်တာနက်ပေါ်ကဖတ်ရတဲ့  စာတစ်ပုဒ်ကို နားလည်သလို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။ ဒီလိုစာမျိုးကို ကျွန်မအတွက် ဘာသာပြန်ရတာ အရမ်းခက်ပါတယ်။ ၂ဝဝ၉ ခုနှစ်က ရေးခဲ့တဲ့ စာလေးတစ်ပုဒ်ပါ.. မျှဝေပါတယ်..)

.
#NineNineSaNay (Sunday, June 28, 2009)
.

Post a Comment

0 Comments