အောင်ဆန်းစုကြည်ကပြောသော ဘွဲ့ရတော့ ဘာလုပ်ရမလဲ

မေး

ဖခင်တစ်ဦးတဲ့။
ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။
ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာ
ဘာဘွဲ့တွေ ရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့

(လက်ခုပ်သံများ)
ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။ ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။

(ရယ်လျှက်)

စု

ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတဲ့ အဖြေက အခု အခြေအနေမှာဆိုရင်တော့
ဘာအလုပ်မှ ရမှာမဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူး
ဆိုတာတော့ မမှန်ပါဘူး။

အခု ဘွဲ့ရတွေအတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်း
တန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။

ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး။

ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။ ပညာရှိတာဟာ ပညာရှိတာပါ။ အဲ့ဒီတော့ စာကြိုးစားပါလို့
ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်း
ရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မကိုယ်တိုင် ကြားဖူးတာပါ။

တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှ

အလုပ် ကောင်းကောင်းရမယ်။ အလုပ် ကော်ငးကောင်း ရမှ ပိုက်ဆံ ကောင်းကောင်း ရမယ် ဆိုပြီးတော့ အဲဒီလို ပြောတာတွေ ကျွန်မတို့ ကြားကြတယ်။ ဒီဟာ ဟာ မှန်ကန်တဲ့နည်းနဲ့ ကလေးတွေကို ပညာ ရှာချင်အောင် လုပ်တာ မဟုတ်ဘူးလို့ ကျွန်မ ယူဆပါတယ်။

ပြီးတော့ ဘာဖြစ်လို့ စာကြိုးစားစေချင်လဲ ဆိုတော့ ဒါ ပညာရစေချင်လို့ပဲ။

နောက်ပြီးတော့ ဝီရိယ မွေးစေချင်လို့ပဲ။ စာကြိုးစားတယ် ဆိုတာ ဒါ ဝီရိယမွေးတာပဲ။

ကိုယ် လုပ်ရမယ့် အလုပ်ကိုဝီရိယရှိရှိနဲ့ လုပ်တတ်အောင်လို့ သင်ပေးတာပေ့ါ။
အဲဒီလို စိတ်ဓါတ်တွေနဲ့ စာကြိုးစားဖို့ မိဘတွေက သင်ပေးပါ။

စာကြိုးစားမှ အလုပ်ရမယ်။
အလုပ်ရမှ ပိုက်ဆံရမယ်။

ဒီလို စိတ်ဓါတ်တွေ ကလေးတွေကို မသွင်းပေးစေချင်ဘူး။
ဒီတော့ ပညာရှာပါ။ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲလို့ တချို့က မေးတယ်။
ဒီတော့ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲ ဆိုတာ ကျွန်မလည်း
တစ်ခါတလေ ကလေးတွေက မေးတော့ စဉ်းစားကြည့်ပါတယ်။
ခုနက ပြောတယ်။ ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲ။ ဒါတော့ မပြောနိုင်ဘူး။
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတာတော့ ကျွန်မ မပြောနိုင်ဘူး။
ဒါပေမဲ့ ပညာရှိများကတော့ ဘယ်လို အကျိုးခံစားနိုင်သလဲ။

ကျွန်မ လောကီကိစ္စတွေ ပြောနေတာပေ့ါနော်။ လောကုတ္တရာကိစ္စကိုတော့
ရဟန်းသံဃာများက ပြောရမှာပါ။ ပညာရှိလို့ရှိရင် ဘယ်လို အကျိုးခံစားရမလဲဆိုတော့
ပညာရှိခြင်းအားဖြင့် အလုပ်ကောင်းကောင်း ရရင်လည်း ရမယ်။
မရရင်လည်း မရဘူး။ ပညာရှိခြင်းအားဖြင့် ဒုက္ခဆင်းရဲ တွေ့ရင်လည်း တွေ့မယ်။
မတွေ့ရင်လည်း မတွေ့ဘူး။ ဒါတော့ ကျွန်မတို့ မပြောနိုင်ဘူး။
အနိစ္စတရားကို ကျွန်မတို့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး။
လောကဓံတရားရှစ်ပါးကို ကျွန်မတို့ ဘယ်လိုမှ မကျော်လွှားနိုင်ဘူး။

ဆင်းရဲတဲ့အခါ ဆင်းရဲမယ်။ ချမ်းသာတဲ့အခါ ချမ်းသာမယ်။
ဒါပေမဲ့ ပညာရှိတဲ့ လူဟာ ဆင်းရဲဒဏ်ရော၊ ချမ်းသာတဲ့ ဒဏ်ရော
နှစ်ခုစလုံးကို ကြံ့ကြံ့ခံနိုင်တယ်။ ဒါကြောင့်မို့ ပညာကို ရှာပါလို့ ပြောတာပါ။
ဆင်းရဲဒဏ် ခံနိုင်တယ်လို့ ပြောတာဟာ ပညာရှိများဟာ ဆင်းရဲနေသည်ဖြစ်စေ၊
ထောင်ထဲမှာ ရောက်နေသည် ဖြစ်စေ
ကြံ့ကြံ့ခံနိုင်တယ်။ ဘာဖြစ်လို့လဲ တရားရှိတယ်။

(လက်ခုပ်သံများ)

ဘယ်လို ဒုက္ခပဲ ဖြစ်ဖြစ် ခံနိုင်တာဟာ ပညာရှိများရဲ့ အရည်အချင်းပဲ။
နောက်ပြီးတော့ ချမ်းသာဒဏ် ခံနိုင်တယ်။ ချမ်းသာဒဏ် ခံနိုင်တယ်ဆိုတာက
ဘာကို ပြောတာလဲ ဆိုတော့ လာဘ်ပေး လာဘ်ယူကို လုပ်ချင်တဲ့ စိတ်မရှိဘူး။
ပညာရှိဆိုရင်၊ တကယ့်ပညာရှိဆိုရင် ကိုယ်အခွင့်အရေး ရလာတဲ့အခါကျရင်
ဒီအခွင့်အရေးကို အလွဲသုံးစားမလုပ်ချင်ဘူး။
အဲဒါဟာ ချမ်းသာဒဏ် ခံနိုင်တယ် ဆိုတာကို ပြောတာပါ။

တချို့ဟာ ဆင်းရဲဒဏ်ခံနိုင်ပါတယ်။ ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ် ခံနိုင်တယ်။
ဘယ်လိုပဲ ရိုက်ရိုက် ဆော်ဆော် ခြိမ်းခြောက် ခြိမ်းခြောက် ခံနိုင်တယ်။ မဖြုံဘူး။
ဒါပေမဲ့ ပစ္စည်းနဲ့၊ ပိုက်ဆံနဲ့၊ ရာထူးလေးနဲ့ နေရာလေး မျှားလိုက်တဲ့ အခါကျတော့
ပါသွားရော။

အဲဒါဟာ ချမ်းသာဒဏ် မခံနိုင်ဘူး ဆိုတာ ကျွန်မ ဒါကို ပြောတာပါ။
တချို့ကျတော့လည်း ဒါ ကျွန်မပွင့်ပွင့်လင်းလင်း ပြောတာနော်။
ကျွန်မတို့ ဒီမိုကရေစီ ရရော၊ ရလို့ရှိရင် ဒုက္ခခံတုန်းကတော့ ရဲရဲကြီး ရဲရဲဝံ့ဝံ့
ဒုက္ခခံပြီးတော့ ရာထူးနဲ့၊ နေရာနဲ့ ရသွားမှ အကျင့်စာရိတ္တပျက်သွားမယ့် လူတွေ ရှိမှာပဲ။

အဲဒါလည်း ချမ်းသာဒဏ် မခံနိုင်တာပဲ။ အဲ့ဒါကြေင့် ကျွန်မတို့ဟာ
ဆင်းရဲဒဏ် ခံနိုင်အောင် ပညာရှာရမယ်။ ပညာ နားလည်တဲ့လူ၊ ပညာရှိတဲ့လူ၊
ပညာလိုလားတဲ့လူ ဆိုတာက ဆင်းရဲဒဏ် ခံနိုင်တယ်။
သြော်… ဒါ ဆင်းရဲဒဏ်ခံတယ်ဆိုတာ အနိစ္စသဘောပဲ။
ငါ ဆင်းရဲလို့၊ ငါ့ ဖိနှိပ်လို့၊ ငါ့ကို ပင်ပန်းအောင် လုပ်လို့ ငါ မလုပ်သင့်၊
မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ငါ့အတွက်အများကြီး အကျိုးနည်းမယ် ဆိုတာ
သူ့ရဲ့ ပညာဉာဏ်အရ နားလည်တယ်။ ဒီလိုပဲ ချမ်းသာသွားတဲ့ အခါ
ငါ ချမ်းသာလို့ ငါ လုပ်ချင်တိုင်း လုပ်မယ်ဆိုရင် ငါ့အတွက် အကျိုးနည်းမယ်။
ငါ့ရဲ့အသိုင်းအဝိုင်းအတွက်လည်း အကျိုးနည်းမယ် ဆိုတာ သိတဲ့အတွက် မလုပ်ဘူး။

အဲဒါကြောင့်မို့လို့ ကလေးတွေကို စာကြိုးစားပါလို့ ပြောတဲ့ အခါ ကျလို့ရှိရင်
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲလို့ ပြန်မေးတဲ့အခါ ဘွဲ့ရဖို့၊ မရဖို့ ပြောနေတာ မဟုတ်ဘူး။ ဘွဲ့ရပြီးတဲ့ အခါကျရင် အလုပ်ရမယ်၊ မရမယ်ပြောနေတာ မဟုတ်ဘူး။
ပညာရှိခြင်းအားဖြင့် ဒီဘဝမှာရော၊ နောင်ဘဝတွေရော ကိုယ် နေထိုင်ရမယ့်
ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ပညာရှာပါလို့ ပြောတာလို့
တိုက်တွန်းစေချင်ပါတယ်။

အဲဒီလို ကိစ္စနဲ့ ပညာရှာမယ် ဆိုရင်တော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့
မတူအောင်လို့ကို တိုးတက်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေရလို့ ချမ်းသာနေတာလဲ မေးတော့၊
အခု ချမ်းသာနေတဲ့ လူတွေကို ပြည်သူလူထုက ဘယ်လိုမြင်သလဲဆိုတာ
ကျွန်မ ပြန်ပြီးတော့ မေးလိုက်ချင်တယ်။ ပြည်သူလူထုက အခု ချမ်းသာနေတဲ့
လူတွေကို အထင်ကြီးသလား၊ ပိုက်ဆံကိုပဲ အထင်ကြီးသလား၊
သူတို့ကိုပဲ အထင်ကြီးတာလား၊ အဲ့ဒါ ခွဲခြားပြီးသိဖို့လိုပါတယ်။

အဲဒီတော့ အခု ချမ်းသာနေပြီးတော့ သူတော်ကောင်းများ၊ ပညာရှိများက မလေးစားဘူး၊
အထင်မကြီးဘူး၊ ရှုတ်ချမယ်ဆိုလို့ရှိရင် ချမ်းသာရကျိုး လုံးလုံး မနပ်ပါဘူး။
ပိုက်ဆံကိုပဲ ကြည့်နေလို့ မဖြစ်သေးဘူး။

ပိုက်ဆံရရင် ပြီးရော ဘာလုပ်ရ လုပ်ရ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ဟာ လူမိုက်စိတ်ဓါတ်ပါ။
ပညာရှိစိတ်ဓါတ် မဟုတ်ပါဘူး။ (လက်ခုပ်သံများ)


ဒါကြောင့် ကလေးတွေကို ပိုက်ဆံရှိတဲ့ လူတွေကို အားမကျဖို့ သင်ပေးပါ။
ဒီလူတွေ ပိုက်ဆံရှိတာတော့ ဟုတ်ပါပြီ။
ပိုက်ဆံအပြင် ဘာရှိလဲလို့ အဲဒါလည်း မေးရဦးမယ်။

ဂုဏ်သိက္ခာ ရှိသလား၊

အကျင့်စာရိတ္တ ကောင်းသလား၊

ပညာရှိသလား

ဒါဟာ ကျွန်မ အနေနဲ့ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။
တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ လူငယ်များဟာ ပိုက်ဆံရရင် ပြီးရော၊
ဘာဖြစ်ဖြစ် လုပ်ချင်တယ် ဆိုတဲ့ စိတ်ဓါတ်တွေ ဖြစ်နေတယ် ဆိုတာ
ဒီမနက်ပဲ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုမှ ကျွန်မ ဖတ်လိုက်ရတယ်။

အဲဒီဟာ လူငယ်များဆိုတာ ၁၅ နှစ်၊ ၁၆နှစ် ဆယ်ကျော်သက်အရွယ်တွေဟာ
ပိုက်ဆံရရင် ပြီးရော၊ ဘာလုပ်ရ လုပ်ရ ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်နေတာကြောင့်
ရာဇဝတ်မှုတွေ များနေတယ်ဆိုပြီးတော့ အိန္ဒိယနိုင်ငံက အမျိုးသမီးကြီးတစ်ယောက်က
ဒီလိုပဲ ပြောတာ ဖတ်လိုက်ရပါတယ်။ ဒီတော့ ဒါ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။

နိုင်ငံတကာမှာ ဒီပြဿဿဿ နာ တွေ ကို ရင်ဆိုင်နေရပါတယ်။
ပိုက်ဆံမှ ပိုက်ဆံ ဆိုတဲ့ စိတ်ဓါတ်တွေ၊ အဲဒီစိတ်ဓါတ်တွေဟာ
ကျွန်မတို့ နေ့ချင်း ညချင်းတော့ ပြောင်းလို့ရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ပိုက်ဆံ မရှိသော်လည်း ပစ္စည်း မရှိသော်လည်း
ပညာရှိလို့ ရှိရင် အကျင့်စာရိတ္တ၊ သိက္ခာရှိရင် လူရာဝင်တယ် ဆိုတဲ့ အနေအထား
ဖြစ်အောင်လို့ ကျွန်မတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။

မူရင်း။ ။မသိ

 

Post a Comment

0 Comments