လုပ်ငန်းခွင်မှာ ဆောင်ထားသင့်တဲ့ ဘိလပ်မြေ ၂ မျိုး

ရိုးရိုး ဘိလပ်မြေ (ordinary portland cement) နဲ့ ဖျော်ထားတဲ့ ကွန်ကရစ်ကို ကွန်ကရစ်ခင်းပြီး နာရီပိုင်းအတွင်းမှာ မမာသေးလို့ အသုံးမပြုနိုင်တာ အားလုံး သိကြမယ် ထင်ပါတယ်။

ကွန်ကရစ်လမ်းတွေ ပျက်နေလို့ ၊ ကွန်ကရစ်တံတား ကြမ်းခင်းတွေ ပေါက်နေလို့ လူကြီးလမ်းကြောင်း မလာခင် အချိန်တိုအတွင်း လက်ပူတိုက် တပွဲထိုး ပြင်ရမယ့် အစိုးရအလုပ်က သူငယ်ချင်းတွေ သုံးသင့်တဲ့ ဘိလပ်မြေ ၂ မျိုး အကြောင်း ဖြစ်ပါတယ်။ ဒီ ၂ မျိုးကို လုပ်ငန်းခွင်မှာ ဆောင်ထားသင့်ပါတယ်။

၁။ Magnesium Phosphate Cement (MPC)

ဒီဘိလပ်မြေကို သုံးရင် ဖျော်ပြီး ချက်ခြင်း ခင်းရပါမယ်။ ဖျော်ပြီး ၁၅ မိနစ်လောက် အတွင်းမှာ final setting ဖြစ်ပြီး မာသွားပါတယ်။ ၂ နာရီ အတွင်းမှာ အသုံးပြုလို့ ရပါပြီ။ ကွန်ကရစ်တံတား ကြမ်းခင်းတွေ၊ ကွန်ကရစ်လမ်းတွေဆိုရင် ၂ နာရီအတွင်း ကားတွေ ဖြတ်လို့ရပါပြီ။ အအေးခန်း စက်ရုံတွေရဲ့ ကြမ်းခင်းတွေမှာလည်း သုံးသင့်ပါတယ်။

ဒါပေမယ့် အချိန်တိုအတွင်း high early strength တက်တဲ့ ဘိလပ်မြေတွေရဲ့ chemical reaction တွေဟာ stable မဖြစ်ဘဲ အချိန်ကြာရင် strength ပြန်ကျတတ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ concrete Structural members တွေဖြစ်တဲ့ building's beams, columns , slabs စတာတွေမှာအသုံးမပြုရပါဘူး။

၂။ High Alumina Cement (HAC)

ဒီ Cement ကလည်း အချိန်တို အတွင်းမာပြီး strength မြန်မြန်တတ်တဲ့ Rapid hardening , high early strength အမျိုးအစား ဖြစ်ပါတယ်။ ၂၈ ရက်မှ ရမယ့် compressive strength ကို ၂၄ နာရီအတွင်း ရနိုင်ပါတယ်။ ဒါပေမယ့် strength မငြိမ်ပါဘူး။ နှစ်အနည်းငယ် ကြာရင် ဘိလပ်မြေထဲမှာပါတဲ့ chemical တွေ နောက်ထပ် ဓါတ်ပြု ပြီးကွန်ကရစ် strength တွေ ကျလာပါတယ်။

သူ့ကို ကွန်ကရစ် ကားလမ်း၊ တံတားကြမ်းခင်း၊ လေယာဉ်ပြေးလမ်းတွေ ပြင်တဲ့ နေရာမှာ သုံးပါတယ်။ မြန်မြန် strength ရတော့ မြန်မြန် လမ်းဖွင့်ပေးလို့ ရပါတယ်။ အထူးသဖြင့် ရာသီဥတု အေးတဲ့ ဒေသတွေနဲ့ အက်ဆစ်သုံးတဲ့ နေရာတွေမှာ သုံးကြပါတယ်။ တခြား ဘိလပ်မြေတွေထက် ပိုပြီး အက်ဆစ်ဒဏ်ခံနိုင်တယ်။

အရေးကြီးတဲ့ ကွန်ကရစ် Structural members တွေမှာ အသုံးမပြုဖို့ British Standard (BS) code က တားမြစ်ထားတဲ့ ဘိလပ်မြေ အမျိုးအစားတခုက High Alumina Cement ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ ၁၉၇၆ ကတည်းက တားမြစ်ထားတာပါ။ ဒါကြောင့် BS code ကို ယူသုံးတဲ့ စလုံးမှာ ဒီဘိလပ်မြေကို Structural members တွေမှာ မသုံးရပါဘူး။

မြန်မာပြည်မှာလည်း ဒီ ဘိလပ်မြေ အမျိုးအစားတွေကို အရေးကြီးတဲ့ နေရာတွေမှာ အသုံးမပြုဖို့ တားမြစ်ထားသလား မသိပါဘူး။ တားမြစ်ထားတယ်ဆိုရင်လည်း ဘယ်တုန်းက ဘယ် အစိုးရဌာနက တားမြစ်တယ်ဆိုတဲ့ data ကို မသိရသေးပါဘူး။

သင်ခဲ့ဖူးတဲ့ လက်ချာတခုကို အကျဉ်းချုံးထားတာ ဖြစ်ပါတယ်။

မြန်မာမြို့ပြအင်ဂျင်နီယာ

Credit to Original Uploader

Post a Comment

0 Comments