ပျော်ရွှင်ခြင်း သော့


   ကျွန်တော်တို့နေထိုင်သော ပတ်ဝန်းကျင်ရှိ လူ၊ အရာဝတ္ထု၊ သက်ရှိ၊ သက်မဲ့ပစ္စည်းများသည် ကျွန်တော်တို့၏ စိတ်အာရုံအား အလွယ်တကူ ထိခိုက်စေနိုင်သည်။ မတော်တဆ သို့မဟုတ် တမင်သက်သက်ပြောလိုက်သော လူတစ်ဦးတစ်ယောက်၏စကားတစ်ခွန်းနှင့် အပြုအမူသည် သင့်၏စိတ်အား အနှောင့်အယှက် ဖြစ်စေခဲ့ပြီလား...၊

   တစ်ခါက ချီကာဂိုနေ့စဉ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် Sydney J.Harris သည် မိတ်ဆွေတစ်ဦးနှင့်အတူ လမ်းဘေးတွင် သတင်းစာ ဝယ်လေသည်။ သတင်းစာယူပြီးမိတ်ဆွေ က ရောင်းသူအား ကျေးဇူးတင်ကြောင်း ပြောခဲ့သော်လည်း ရောင်းသူမှာမျက်နှာမာနှင့် ဘာမှပြန်မပြောခဲ့ပေ။ ထိုအချင်းအရာကို မြင်သော Sydney J.Harris က “ဒီကောင့်အချိုးက မပြေဘူးနော်” ဟုဆို၏။

မိတ်ဆွေ...... “သူပုံစံက အမြဲတမ်း ဒီအတိုင်းပဲ”

Sydney J.Harris........“ဒါကိုများ ခင်ဗျားက အားတုန့်အားနာနဲ့ ကျေးဇူးတင်ကြောင်း ပြောနေသေးတယ်”

မိတ်ဆွေ...... “ကျွန်တော့်ရဲ့အပြုအမူကို ဘာဖြစ်လို့ သူ့ကြောင့်ပြောင်းလဲရမလဲဗျာ”

   ရင့်ကျက်သောလူတစ်ဦးတွင် ပျော်ရွှင်ခြင်းဟုသော သော့တစ်ချောင်းရှိသည်။ ထိုလူမျိုးသည် အခြားလူက သူ့အားပေးမည့်ပျော်ရွှင်ခြင်းမျိုးကို မျှော်လင့်မနေဘဲ ကိုယ့်ပျော်ရွှင်မှုကိုသာ အခြားလူအား မျှဝေပေးတတ်သည်။

   လူတိုင်း၏စိတ်ထဲတွင် ထိုသော့မျိုးရှိသည်။ သို့သော် ကျွန်တော်တို့က ထိုသော့ကို အခြားလူလက်ထဲသို့ မသိမသာ ထည့်ပေးနေတတ်သည်။

   အမျိုးသမီးတစ်ဦးက “ကျွန်မအမျိုးသားက အိမ်မကပ်ဘူး.. အမြဲခရီးထွက်နေရတယ်..ကျွန်မ မပျော်ဘူး” ဟု ညည်းတွားသည်။ သူ၏ပျော်ရွှင်ခြင်းသော့ကို သူ့ခင်ပွန်းလက်ထဲသို့ ထည့်ထားသည်။

   မိခင်တစ်ဦးက “သားသမီးတွေ မလိမ္မာဘူး...ငါ စိတ်ညစ်တယ်” ဟုဆို၏။ သူသည်ထိုသော့ကို သားသမီး လက်ထဲတွင်ထားသည်။

   အမျိုးသားတစ်ဦးက “သူဌေးက လခမတိုးပေးဘူး... ငါစိတ်ပျက်တယ်” ဟုဆို၏။ သူသည်သော့ကို သူဌေးလက်ထဲသို့ ထိုးထည့်ထားသည်။

ေ ယောက္ခမတစ်ဦးက “ငါချွေးမ ငါ့ကို မရိုသေဘူး... စိတ်ဆင်းရဲတယ်”

လူငယ်တစ်ဦးက “အရောင်းစာရေးမက မျက်နှာမာနဲ့...ပိုက်ဆံပေးပြီး ဝယ်တာကွ”

   သူတို့သည် တူညီသောညည်းချင်းများကိုညည်းကြသည်။ သူတို့၏ စိတ်အာရုံအား အခြားသူကို ထိန်းချုပ်ထားစေသည်။ ထိုသို့ မိမိ၏စိတ်အား အခြားသူကို အထိန်းချုပ်ခံခွင့်ပေးလိုက်သောအခါ သူတို့တွင် ဒေါသ၊ ညည်းတွားမှုနှင့် မပျော်ရွှင်ခြင်းတွေသာ ကျန်ခဲ့တော့သည်။ ပျော်ရွှင်ခြင်းဟုသော သော့ကို ကိုင်ဆောင်ထားသူသည် ကိုယ့်စိတ်ကို သူ့တစ်ပါးအား မထိန်းချုပ်စေဘဲ အရာရာကို အကောင်းမြင်စိတ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်သည်။ တစ်ပါးသူပေးမည့် ပျော်ရွှင်ခြင်းကို မျှော်လင့်မနေတတ်ကြပေ။

သင်၏ပျော်ရွှင်ခြင်းသော့သည် မည်သူဆီမှာ ရှိနိုင်မည်နည်း၊
အမြန်ဆုံး သွားရောက်ယူဆောင်ခဲ့ပါလေ...

မူရင်းလင့်--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20080116/1926.html



Post a Comment

0 Comments